Tuesday, 23 October 2018

မောင်ဖေငယ်လို အချစ်

မောင်ဖေငယ်လို အချစ်
………………………………………………………
( ရာဇဝင်ထဲက ရင်နင့်ဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်း )

မောင်ဖေငယ် ဆိုတာ ဒိုင်းခင်ခင် ရဲ့ မိခင်ဖခင်တွေ ကမွေးစား ထားတဲ့မွေးစားသားပါ။ မောင်ဖေငယ်နှင့် ဒိုင်းခင်ခင် ကလဲ ငယ်တုန်း ကတော့ အကို နှင့် ညီမ မောင်နှမလို သိပ်ချစ်ကြတာပေါ့။ မောင်တော်နှင့် နှမတော် လို့ ခေါ်ကြသကိုး..

အရွယ်ရောက်လာတော့ သွေးသားမတော်စပ်မှန်းသိလာတော့ ရင်ထဲကအချစ်တွေဟာ ၅၂၈ မေတ္တာ ကနေ ၁၅၀၀အချစ်ပြောင်းသွားခဲ့ကြပါသတဲ့

မောင်ဖေငယ်နှင့် ဒိုင်းခင်ခင် တို့ ရဲ့ ခိုင်မြဲသော သံယောဇဉ် ကို သိလို့ သူတို့ နှစ်ဦး ကို လက်ထပ်ပေးဖို့ မိဘ၂ပါး ကလည်း ကတိပေးထားပြီးသားပါ ။

မောင်ဖေငယ်ဟာ ဒိုင်းခင်ခင် ကို ချစ်လိုက်တာ အူတုန် သဲလှိုက် ချစ်သလို ဒိုင်းခင်ခင် ကလဲ မောင်ကြီး မောင်ကြီးနှင့် မျက်စေ့အောက်က အပျောက် မခံနိုင်အောင်ပါဘဲတဲ့..

မောင်ဖေငယ်နှင့် သီပေါမင်းဟာ ငယ်သူငယ်ချင်းတွေ လို့ ဆို ပါတယ် .. တစ်ရက် မောင်ဖေငယ် နှင့် သီပေါ တို့ တွေ့ ကြရာမှာ ဒိုင်းခင်ခင် ကို မင်းသီပေါ မြင်သွားပါသတဲ့... မင်းသီပေါဟာ သူငယ်ချင်းရဲ့ ညီမဆိုပြီး သူငယ်ချင်း ကို ပြောပါသတဲ့ မင်းညီမတော် ကို သဘောတော်ကျတယ်ပေါ့..

အဲဒီမှာ မောင်ဖေငယ် ခေါင်းမြွေ ပေါက်တော့တာပါဘဲ.. နှမလို တစ်မျိုး ချစ်သူလို တစ်သွယ် ချစ်လာခဲ့တဲ့နှစ်တွေ သံယောဇဉ်တွေ.. မောင်ဖေငယ်နှဖူးပေါ်လက်တင်စဉ်းစား ရပြီပေါ့..

မောင်ဖေငယ်နားမှာ ဒိုင်းခင်ခင်လေးကတော့ဘာမသိညာမသိ
မောင်ကြီး နေမကောင်းတာလား... မောင်ကြီးစားမ၀င်တာလား ... အော် စုံလို့ ပေါ့ ပါးစပ်က တွတ်တီး တွတ်တာ ..အော်ချစ်နှမလေးပြောသမျှ ဆွဲလဲသံလေးပါဘဲ...

သူငယ်ချင်း ဖြစ်သူ သီပေါကလဲ အချိန်တော့ပေးပါရဲ့ အဲ နောက်ဆုံးတစ်ည... မောင်ဖေငယ် နှမတော် ကို ပြောရပြီပေါ့...

" နှမတော် ... နှမတော်ကို မောင်ကြီး သိပ်ချစ်တာ သိတယ်နော် ''

" အော်မောင်ကြီးရယ် နှမတော် ကို မောင်ကြီးချစ်တာ နှမတော်သိပါတယ်.. ''

" ဒါပေမယ့်  နှမတော် ..မောင်ကြီး ပြောချင်တယ်.. ''

" ပြောပါမောင်ကြီး .. ''

" မောင်ကြီး ကလေ နှမတော် ရဲ့ ဖခင် ..မိခင်တွေ စောင့်ရှောက်လို့ ကြီးပြင်းလာရတာ နှမတော်ရဲ့... ''

" အင်းလေ အဲဒါ နှမတော်သိသားဘဲ... ''

" မောင်ကြီးပြောချင်တာ နှမတော် မောင်ကြီးနှင့်လက်ဆက်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ.. ဟိုနေ့ က မောင်ကြီးသူငယ်ချင်း သီပေါနှင့် တွေ့ တော့ သူပြောတယ် နှတော် ကို သဘောကျလို့ တဲ့နှမတော်ရဲ့ ''

" အဲဒါဘာဖြစ်လဲမောင်ကြီး .. မောင်ကြီးနှင့် နှမတော် က လက်ဆက်ကြမယ် သူတွေလေ.. ''
"......''
" မောင်ကြီး ကိုနှမတော်ချစ်တယ် မောင်ကြီးကို မခွဲနိုင်ဘူး.. ''

" ဒါပေမယ့်နှမတော်ရယ် သီပေါ ကမ်းလှမ်းတာလက်ခံရင် နှမတော် ဘုရင်ကတော် ဖြစ်မှာ.. နှမတော် ဘ၀သာယာမယ်.. နှမတော် ဘ၀ချမ်းမြေ့မယ် မောင်ကြီးနှမတော်ကိုချစ်တာ ပိုင်ဆိုင်လိုမှု နှင့်ချစ်တာမဟုတ်ပါဘူး နှမတော်ဘ၀သာယာချမ်းမြေ့မယ်ဆိုရင် မောင်ကြီး ပီတိဖြစ်နေမှာပါ ..''

အဲလိုနှင့်အမျိုးမျိုးချော့ပြောပြတော့ ဒိုင်းခင်ခင်လဲ မောင်ကြီး ပြောသမျှ လက်ခံပါတယ် ..

အဲဒီည နှမတော်လေး ကို သီပေါဆီ လက်မဆက်ခင်မှာ ပူဆွေး ငိုကြွေးကြတာဟာ တောင်သမန် အင်းကြီးများ လျှံ လေမလား ပြောရလောက်အောင် အချစ်အတွက် ပူဆွေး ငိုကြွေးကြတာပေါ့.. ။

မောင်ဖေငယ်ထင်နေတာက ဒီတစ်ညတာ ပူဆွေးရပေမယ့်တစ်ဘ၀တာ နှမတော် အေးချမ်းသာယာမှု ကိုပါ ..
နှမတော် ဘ၀ သာယာဘို့ နှလုံးသားကို စတေး ပြီး ချစ်သူအတွက် အနစ်နာခံ ခဲ့တာပါ..။ မောင်ဖေငယ်နှင့် ဒိုင်းခင်ခင် တို့ ဘယ်လိုပင် ချစ်ကြသော်လည်း မပေါင်းခဲ့ကြရပါဘူး ။ ။

( *****  ပြာကျမှပြန်ပါ ***** ) 

ချစ်ရသူ ခင်ခင်ငဲ့၊
ဘဝင်မြင့်သက်ညှာ၊
ဆင်မသင့် ခက်ပါသည်၊
သက်သာရာမရ၊
သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊
စိမ်းနဲ့နော် ဘုန်းခင့်လာပ။

ကလာပ်စုရုပ်ကြွင်းကို၊
ပြုတ်ယွင်းယိုကာလ၊
ဖုတ်သင်္ဂြိုဟ်ဈာပန၊
ပြာကျမှ ပြန်ပါ၊
ဝဇီရာစိန်သံလျှင်းငယ်နှင့်၊
တရှိန်ချင်း လှမ်းချင်လို့မှာ။

ဝတိံဆင်း နန်းကိန္နရာလို၊
လျှမ်းထိန်ဝါဝေဝင်းနှင့်၊
ရွှေပယင်းငွေလက်တော်၊
ဘုန်းကိုင်ခဲ့နော်၊
အသုဘကမ္မဋ္ဌာန်းတော်ကို၊
ကြဌာန်းပျော် အိုရှုလှည့်လေး။ ။

(တောင်သမန်လယ်စား မောင်ဖေငယ် )

တောင်သမန်လယ်စား မောင်ဖေငယ် ကွပ်မျက်ခံရကာနီးတွင်
နောက်ဆုံးရေးသား၍ သူ့ကျေးဇူးရှိဖူးသူ မိုးကောင်းဝန်မင်းအား ပေးခဲ့သော တေးထပ် ဖြစ်ပါသည်။

အကွပ်မျက် မခံရမီ ရာဇဒဏ်ဖြင့် မိုးကောင်းသို့ ပို့ကာ မောင်ဖေငယ်အား ချုပ်နှောင်ထားလေသည်။ မိုးကောင်းမှ တဖန် သူ့အားကွပ်မျက်ရန် ဗန်းမော်သို့ ထပ်ဆင့်ပို့လိုက်ပြန်သည်။

ဗန်းမော်သို့ ပို့ကာနီးဆဲဆဲ မိုးကောင်းတွင် ချုပ်နှောင်ထားခြင်း ခံနေရစဉ် မောင်ဖေငယ်သည် သီပေါဘုရင် နှင့် စုဘုရားလတ် အပါးတွင် အလွန်ချောမောပြေပြစ်သော မိဘုရားအသစ်ကလေးတပါး အမြဲလိုလို တွေ့နေရသည်ဟူသော သတင်းကို ကြားသိလိုက်ရသည့်အခါ တိတ်တခိုးချစ်ရသော သူ့ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) တစ်ယောက် မိဘုရားအဖြစ် ပျော်ရွှင်စွာ စံမြန်းနေရပေပြီဟု ဝမ်းသာဝမ်းနည်း ဖြစ်မိရှာလေသည်။

ထို့ကြောင့်ပင် သူ့ရုပ်အလောင်းအား လာရောက် ရှု့စားတော်မူလှည့်ပါဟု သံတော်ဦးတင်လိုက်ခြင်း ဖြစ်ပေသည်။

(သို့ရာတွင် မောင်ဖေငယ် မသိလိုက်သည်မှာ
သူအလွန်ချစ်သော ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) သည် သီပေါဘုရင်၏ ရင်သွေးကို လွယ်ထားရင်း တိုင်တားမင်းကြီး၏ မြင်းဇောင်းထဲတွင် လျှို့ဝှက်အကျဉ်းစံဘဝဖြင့် ဆင်းရဲကျပ်တည်းစွာနေနေရရာမှ စုဘုရားလတ် လက်ချက်ဖြင့် လည်မျိုပေါ်ကျဆင်းလာသော ပါးကွက်သားများ၏ ဝါးစိမ်းဒုတ်ချက်ကို သနားစဖွယ်ခံစားရင်း သူ့ထက် အရင်ဦးစွာ လူ့လောကမှ ထွက်ခွာသွားရရှာလေပြီ ...) ။ ။

စကားချပ် ....... ချစ်သူရည်းစားများ ဟိုရှေးရှေး ကဆိုရင် တောင်သမန်အင်း ကို မသွားကြပါဘူးတဲ့ မပေါင်းဘက်ရဘဲ ကွဲမှစိုးလို့ တဲ့  ဦးပိန် တံတားပေါ်မှာ နားစရား ထိုင်ခုံလေးတိုင်းမှာ ကွဲခဲ့ ကြတဲ့ ချစ်သူတွေ မှတ်တမ်းတွေရေးထားတာများ... လွမ်းတတ် သနားတတ်ရင် ဖတ်ပီး ရင်မှာမချိစရာပါဘဲ

(အတွဲရှိသူတွေ အဲဒီဘက် မသွားကြနှင့်နော်)
တကယ်တော့ မောင်ဖေငယ်လို အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းနှင့် ချစ်တာမဟုတ်ပါဘူး ပေးဆပ်လိုခြင်းပါ...

ခုခေတ်တော့ အဲလိုများရှိမလားမသိ... ရည်းစားလေးဖြစ်ပြီးမှမကြာ .. ဟိုရောက်ဒီရောက်.. အဲ..မောင်ဖေငယ်လို သန့် ရှင်းဖြူစင်သောချစ်ခြင်းဆိုတာ ရှားမှ ရှားပါဘဲ..

တကယ်တော့ စစ်မှန်သော မေတ္တာဆိုတာ မပိုင်ဆိုင်ရလဲ ချစ်သူဘ၀ သာယာနေရင် ကြည်နူးနေရမှာပါ...

ဒီစာကိုဖတ်ပြီး ကိုကို ညီညီ ရွှေမြန်မာ များ အမျိုးကောင်းသမီး လေးတွေ ကို နှမလိုတမျိုး ချစ်သူ လို တစ်သွယ် ချစ်တတ်မယ် ဆိုရင် ကြေနပ်နေမိမှာပါ.. ချစ်ညီမလေးတွေ ချစ်မမ တွေ လဲ မောင်ဖေငယ်လို စာနာတတ်သူနှင့်တွေ့ ပြီး အကြောင်းဆက် ပေါင်းဖက်နိုင်ကြပါစေ လို့  ဆန္ဒချွေလျှက် ။ ။

တောင်းပန်ချက် - shinnthant blogspot နှင့် zinphyo5 blogspot တို့မှ ဆောင်းပါး နှစ်ပုဒ်ကို လိုအပ်သလို စာသားများ ပြန်လည်ဖြတ်ညှပ်ပြီး ခံစားမိသလို စုပေါင်းတင်ပြလိုက်ပါသည် ။

.....Credit.....

@tzw


No comments:

Post a Comment

(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)

(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း) မြန်မာသက္ကရာဇ် ၁...