(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း
အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)
မြန်မာသက္ကရာဇ် ၁၀၇၆၊ (အေဒီ ၁၇၁၄)တွင် နန်းတက်သည့် တနင်္ဂနွေမင်း
လက်ထက်တွင် ရေးသားသည့် ဦးကုလား၏ မဟာရာဇဝင်ကြီးတွင်
ပုဂံအနော်ရထာမတိုင်မီနှင့် အနော်ရထာခေတ်တို့၌ ပန်းဦးလွှတ်ခြင်း၊ ရေငုပ် မီးလှုံ တုံးခုန် ဇယ်တောက် စသည့် အကျင့်ဆိုးများကျင့်သည့် အရည်းကြီးဆိုးများသာ ရှိသည်ဟု ရေးသားခဲ့ပါသည်။
(နောက်ဝါကျများတွင် စာမရှည်စေရန် အရည်းကြီး ဟုသာ အတိုရေးမည်ဖြစ်ပြီး
ထိုအရည်းကြီး ဟူသောစကားလုံးသည် ပန်းဦးလွှတ်ခြင်း၊ ရေငုပ်မီးလှုံ တုံးခုန် ဇယ်တောက် စသည့် အကျင့်ဆိုးများကျင့်သည့် အရည်းကြီးဆိုးများ ဟူသော စကားစုကို
ရည်ညွှန်းသည်။)
ကျွန်ုပ်တို့ သမိုင်းသုတေသီများသည် ထိုအရည်းကြီးများ တကယ်ရှိခဲ့၊ မရှိခဲ့ကို
နိုင်ငံတကာမှ သမိုင်းပညာရှင်များလက်ခံသည့် စံဖြင့် စစ်ဆေး သုတေသန ပြုခဲ့ကြသည်။
သုတေသနပြုပုံမှာ ထိုအရည်းကြီးများရှိခဲ့သည် ဆိုသော ပြည်တွင်းပြည်ပ မည်သည့်ခေတ်ပြိုင်မှတ်တမ်း မှတ်ရာ ကျန်သနည်းဟု ပိုက်စစ်တိုက်ရှာဖွေခြင်း ဖြစ်သည်။
အထောက်အထားများထဲတွင် ကျောက်စာအထောက်အထားသည် သမိုင်းစံအရ
အလွန်ခိုင်မာသည့်အတွက် အနော်ရထာ ရှေ့နောက် ခေတ် ကျောက်စာများတွင်
ရှာဖွေရပါသည်။
မြန်မာတို့၏ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဓလေ့တွင် မိမိအလှူရှည်ကြာတည်တံ့စေသောငှါ၊
တပါးသူမဖျက်ဆီးစေရန် အလို့ငှါ၊ အများသူငါ အမျှယူသာဓုခေါ်စေရန် အလို့ငှါ
ကျောက်စာမှတ်တမ်းများ ရေးထိုးခဲ့လေ့ရှိပါသည်။
အနော်ရထာမင်းသည် ယုတ်သောအကျင့်ဆိုး အရည်းကြီးဆိုးတို့ကို ရှင်းလင်း၍
မြတ်သောထေရသာသနာကို စတင်ပြုသည့် ကြီးမားသော သာသနာပြုလုပ်ရပ်ကို
လုပ်ခဲ့သည်ဆိုလျှင် ကျောက်စာဧကန်ထိုးခဲ့မည်ဟု ပညာရှင်များတွက်ဆကြသည်။
အဘယ်ကြောင့်နည်းဆိုသော် အနော်ရထာမင်းသည် လက်တစ်ဝါးစာ သေးသေး
မွှားမွှားအုတ်ခွက်ဘုရား၌ပင် မိမိ၏အလှူဖြစ်သည်ဟု ပါဠိဘာသာဖြင့် ရေးထိုးသွား၍
ဖြစ်သည်။
အနော်ရထာနန်းစံကာလသာမက တုတ္ထပုဂံခေတ်ဦး အနော်ရထာမင်းစော၊ စောလူးမင်း၊
ကျန်စစ်သား၊ အလောင်းစည်သူ စသည့်မင်းလေးပါးခေတ်တွင် ၂၀၀၄ခုနှစ်အထိ တွေ့ရှိစာရင်းအရ မြန်မာဘာသာထိုးချည့် စုစုပေါင်း ၇၃ချပ်
မွန်ဘာသာထိုးကျောက်စာ ၂၁ချပ်နှင့် ပါဠိဘာသာထိုးကျောက်စာများတွင်
ထိုအရည်းကြီးများ ရှိခဲ့ကြောင်း၊ ဆိုးသွမ်းခဲ့ကြောင်း၊ မင်းကနှိမ်နှင်း ခဲ့ရကြောင်း မပါပါ။
၎င်းအပြင် ကိုလိုနီခေတ်တွင် ဦးဖေမောင်တင်နှင့်တပည့်များကွင်းဆင်းပြီး၊ ဂျီအိတ်ခ်ျလုစ်၊
ချားဒူရွယ်ဆယ်တို့ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ အနှံ့တွေ့ ကျောက်စာများကို ပုံနှိပ်ထားသည့် တိုင်းရင်းပုံထုတ် ကျောက်စာ ၂တွဲ၊ ရှေးသုမှ ထုတ်သည့် ရှေးဟောင်းမြန်မာ
ကျောက်စာများ ၅တွဲ၊ မန္တလေးမဟာမုနိဝင်းအတွင်းမှ ကျောက်စာများ ၂တွဲ၊ စစ်ကိုင်း
ထူပါရုံဘုရားဝင်းအတွင်းကျောက်စာများ စသည့်မည်သည့်ကျောက်စာတွင်မှ
အရည်းဆိုးများကြီးစိုးခဲ့ကြောင်း၊ မင်းကနှိမ်နှင်းခဲ့ရကြောင်း မပါပါ။
နောက်တစ်ခုမှာ ပုဂံဘုရားများမှ နံရံဆေးရေးပန်းချီများ မင်စာများကို
စစ်ဆေးရခြင်း ဖြစ်သည်။
အနော်ရထာသာ အရည်းဆိုးများကို နှိမ်နှင်းခဲ့ပါက မြန်မာတို့ဓလေ့အရ
အနော်ရထာခေတ် မဟုတ်တောင်၊ နှောင်းပုဂံခေတ်တွင် အနော်ရထာမင်းမှ
အရည်းဆိုးတို့ကို နှိမ်နှင်းခဲ့ပုံဟု နံရံဆေးရေးများ ရေးဆွဲသင့်ပါလျက် လုံးဝ
ရေးဆွဲခဲ့ခြင်း မရှိပါ။
ထိုအရည်းဆိုများ ရှိခဲ့သည် မင်းကနှိပ်ကွပ်ခဲ့ရသည် ဆိုသည့် နံရံဆေးရေပန်းချီ၊ မင်စာ
အထောက်အထားလည်း လုံးဝမရှိပါ။
ပြည်တွင်းခေတ်ပြိုင်မှတ်တမ်းဖြစ်သော ရခိုင်ရာဇဝင်များတွင်လည်း အနော်ရထာခေတ်
တွင် ထိုအရည်းဆိုးများ ကြီးစိုးကြောင်း၊ မင်းကနှိပ်ကွပ်ခဲ့ရကြောင်း မပါပါ။
ပြည်ပခေတ်ပြိုင်မှတ်တမ်းအဖြစ် မြန်မာနိုင်ငံနှင့် သာသနာရေး အဆက်အဆံများခဲ့သော
သီဟိုမှတ်တမ်းများကို စစ်ဆေးသောအခါတွင် ထို အရည်းဆိုးများကြီးစိုး၊ မင်းကနှိပ်ကွပ်ရ
ဆိုတာ လုံးမပါပါ။
ပုဂံခေတ်နှောင်း ရှင်ဒိသာပါမောက် ပြုစုသည့် သင်ပုန်းကြီးဋီကာ၌ ပေမူ နိဒါန်းတွင်း
ပုဂံမင်း ၅၅ပါးကို ဖေါ်ပြထားသော်လည်း ထိုအရည်းကြီးဆိုး ဇတ်လမ်းကြီးကို
ရေးသားခဲ့ခြင်းလုံးဝမရှိ။
နောက်တစ်ခုအနေနှင့် ညောင်ရမ်းခေတ်ထက်စာလျှင် ပုဂံခေတ်နှင့် ပိုနီးသော
ပထမအင်းဝခေတ်မှ ရှင်မဟာသီလဝံသတို့ ရှင်လေးပါး၊ ရှင်မဟာရဌသာရ၊ ရှင်တေဇောသာရ၊ စသည့်စာဆို အကျော်တို့ စာများတွင် ထိုအရည်းကြီး ဇာတ်လမ်း
လုံးဝမပါ၊ လုံးဝ ရေးမသွားကြပါ။
ရှင်မဟာသီလဝံသလို ရာဇဝင်ကျော်ကို ရေးသွားသည့် စာဆိုတစ်ယောက်အနေနှင့်
ထိုအရည်းကြီး ဇာတ်လမ်းကြီးသာ တကယ်ရှိခဲ့လျှင် မရေးပဲ မနေဟု
ပညာရှင်များယူဆကြသည်။
လုံးဝရေးမသွားကြတာ ဦးကုလားမတိုင်မီက ထိုဇာတ်လမ်းမရှိ သောကြောင့်ဟု
ပညာရှင်တို့ မှတ်ချက်ပြုကြသည်။
ဤသို့ ကျောက်စာများ၊ နံရံမင်စာများ၊ နံရံဆေးရေးပန်းချီများ၊ ပြည်တွင်းပြည်ပ
မည်သည့်မှတ်တမ်းတွင်မှ အနော်ရထာမတိုင်မီခေတ်နှင့် အနော်ရထာခေတ်တွင်
ပုဂံ၌ အရည်းကြီးဆိုးများ ကြီးစိုးသည်၊ အနော်ရထာမှ နှိပ်ကွပ်ခဲ့ရသည်ဟု မပါရှိ၊
အထောက်အထားမရှိသဖြင့်၊ အနော်ရထာမတိုင်မီခေတ်နှင့် အနော်ရထာခေတ်တွင်
ထိုအရည်းဆိုးများဇတ်လမ်း တကယ်မရှိ၊ တကယ်မဖြစ်ခဲ့ပဲ၊ ၁၈ရာစု ညောင်ရမ်းခေတ်
ရောက်မှ ရာဇဝင်ဆရာ ဦးကုလား၏ အတ္တနောမတိ ထည့်သွင်းရေးသားမှုဖြစ်ကြောင်း
ပညာရှင်များက သုတေသနအရ အခိုင်အမာဆုံးဖြတ်ကြသည်။
ဦးကုလား အဘယ်ကြောင့် ယင်းကို ထည့်ရေသနည်း၊ သူ၏ ကိုယ်ပိုင်တီထွင်
ရေးသားချက်လား၊ မည်သည့်ကျမ်းမှ ကိုးကားယူငင် သနည်းဆိုတာ သိချင်လျှင်
ဆက်လက်ရေးသားပေးမည်။
မသိချင်လျှင် မရေးတော့ပါ။
(အရည်းကြီးဆိုးများ ရှိသည်ဟု ပြောချင်လျှင် ကျွန်ုပ်လို အထောက်အထား ကျမ်းကိုး
ခိုင်ခိုင်မာမာဖြင့် ပြန်ပြောပါ)
ကျမ်းကိုး။ ။ တိုင်းရင်းပုံထုပ်ကျောက်စာများ ၂တွဲ
ရှေးဟောင်းမြန်မာ ကျောက်စာများ ၅တွဲ
မဟာမုနိဝင်း အတွင်း ကျောက်စာများ ၂တွဲ
မန္တလေး နန်းတွင်းကျောက်စာများ
စစ်ကိုင်းထူပါရုံ ဘုရားတွင်းမှ ကျောက်စာများ ၂တွဲ
ပုဂံနံရံဆေးရေးပန်းချီများ
၁၉၉၀နောက်ပိုင်း ပုဂံဘုရားများ ပြုပြင်မှုမှတ်တမ်း ၄တွဲ
ဘုန်းတင့်ကျော်၏ နှစ်ပေါင်း ၂၀၀၀ကျော်ပြီဖြစ်သော မြန်မာသမိုင်း ၂တွဲ။
Credit.မူရင်း
နေ ရဲ ဒွေး
Thursday, 3 January 2019
(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)
အရည်းကြီးတို့ကို လွတ်ငြိမ်းခွင့်ပြုပါတော့
အရည်းကြီးတို့ကို လွတ်ငြိမ်းခွင့်ပြုပါတော့
========================
ဆောင်းပါးရှင်
မျိုးညွှန့်(Popular News )
အမှတ်မထင် သား၏ ၅ တန်းသင်ရိုး သမိုင်းစာအုပ်ကိုကောက် လှန်ကြည့် လိုက်တော့ ပြောင်းလဲချိန် တန်ပြီဆိုသည့် ဆောင်ပုဒ် ကိုပြေးမြင်မိသည်။ ကျွန်တော့်တို့ငယ်စဉ် လွန်ခဲ့သော ၃၅နှစ်က သင်ခဲ့ရသော သ မိုင်းသည် ယနေ့ထိတိုင်မပြောင်း။မှားသောသမိုင်းက ယနေ့ထိတိုင် ပြဌာန်းစာအုပ်ထဲ မပြောင်းမလဲ နေရာ ယူ ထားခြင်းက အင်မတန်မှ ၀မ်းနည်းဖွယ် ရာဖြစ် သည်။ ကျွန်တော်ပြောချင်သော သမိုင်းအမှားဆိုသည်မှာ ခေတ်အဆက် ဆက် သမိုင်းတွင်ဗီလိန်အဖြစ် ပုံဖျက်ခြင်းခံထားရသော အရည်းကြီး ဆိုသူတို့အကြောင်းဖြစ်သည်။
၅ တန်းသမိုင်း၊ ပုဂံခေတ် ကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ “အနော်ရထာမင်းနန်းမတက်မီက ပုဂံ တွင် နတ်နဂါးနှင့် အရည်းကြီး ကိုးကွယ်မှု ထွန်းကားခဲ့သည်။အရည်းကြီးတို့၏ မဟုတ်မမှန်သော အယူဝါဒများ လွှမ်းမိုးခဲ့သည်။အနော်ရထာလက်ထက်တွင်မူမွန်ရဟန်းတော် ရှင်အရဟံနှင့် တွေ့ဆုံမိပြီးတရားစစ်တရားမှန် ကို နာကြားရပြီးနောက် အရည်းကြီးအယူဝါဒကို ပယ်ရှားခဲ့သည်……….”ဟုဖော်ပြထားသည်။
၅တန်း သမိုင်းမှာမှမဟုတ်။အခြေခံပညာအဆင့် သမိုင်းသင်ရိုး၊ ပုဂံခေတ်အကြောင်းပါလျှင် အနော်ရ ထာမင်းသည်ပါမြဲ။ အနော်ရထာ ပါလျှင် အရည်းကြီးဆိုသည်မှာလည်းပါမြဲ။ထိုမျှမက၊ဇာတ်ပွဲ များတွင်ဆို လည်းအရည်းကြီးဆိုသည် ပုံဆိုးပန်းဆိုး၊ မဟားဒရား ပုံစံမျိုးဖြင့်။ ယနေ့ထိတိုင် စာရေးဆရာအချို့ပင်လျှင် အရည်း ကြီးကို ဓမ္မအန္တရာယ်အဖြစ် ကိုးကားလျက်ရှိသည်ဆိုတော့ မြန်မာ့လူ အဖွဲ့အစည်းအတွင်း အရည်း ကြီးဆို ဗီလိန်ဟု ယဉ်ပါးခဲ့သည်မှာ မဆန်း။
အရည်းကြီးနှင့်ကိုယ့်အကြောင်းကိုယ်စဉ်းစားကြည့်တော့ အရည်းကြီးဆိုသည့်ဝေါဟာရကို ကြောက်စရာ ကောင်းသောသူအဖြစ် ၄-၅နှစ်အရွယ်ကတည်းက စတင်သိမှတ်ခဲ့ရသည်။ကျွန်တော်နေထိုင် ရာ မွန်ပြည်နယ်၊ချောင်းဆုံမြို့ပေါ်နှင့် ၃မိုင်ခန့်အကွာ ခရိုက်သစ်ရွာတွင်ဆံရှည် ကိုယ်တော်ရသေ့အသွင်ဖြင့်ဝါးတဲကျောင်းလေးတွင်တစ်ကိုယ်တော်နေထိုင်သည်။ စကားတွေဘာတွေပြောလေ့ ပြောထအင်မတန် နည်းသည်။ တချို့က စိတ်ရောဂါရှိသည်ဟုဆိုသော်လည်း ဘယ်လောက်ထိမှန်၊ မမှန်တော့မသိ။ တွေ့ရခဲ သော ကိုးရိုးကားရား အသွင်မို့ အဒေါ်ဖြစ်သူ ကိုမေးကြည့်တော့ အရည်းကြီး ဟုဆိုသည်။
အရည်းကြီးဆိုတာဘာလဲဟု ထပ်မေးကြည့်တော့ ကြောက်စရာကောင်းတဲ့ ဘုန်းကြီးဟု ထပ်ပြော ပြသည်။ဘာလို့ ကြောက်စရာကောင်းသလဲ မသိသော်လည်း ဆံရှည်ကြီးနဲ့ရသေ့အသွင်မို့ ရင်ထဲစိမ့်သွားခဲ့သည်။ ဘယ်လောက်ထိစိမ့်သွားခဲ့သလဲဆို ကြီးကောင် ၀င်စအချိန်ထိ ထိုကိုယ်တော် ကျောင်းရှေ့မှ ဖြတ်တိုင်း ရင်တထိတ်ထိတ်ဖြင့် စက်ဘီးကို အားကုန်နင်းသည် အထိ။
ထိုအစွဲအလန်းကြောင့် အရည်းကြီးကိုကိုယ့်စိတ်ကူးနဲ့ ကိုယ် ပုံဖော်ကြည့် တိုင်း ဆံပင်ကတော့ရှည်မြဲ။ နည်းနည်းကြီးလာတော့ ရေငုပ်၊မီးလှုံ၊တုံးခုန်၊ဇယ်တောက်တို့လို ရှင်ဘုရင်ကစလို့ ဘယ်ပြည်သူမဆို သတို့ သမီး၏ပန်းဦးကို အရည်းကြီးတို့ထံ အရင်ဆက်သရတာတို့ဘာတို့ ထပ်သိလာရသည်။
မှန်နန်းရာဇ၀င်ကိုကောက်လှန်နိုင်သည့်အချိန်ရောက်တော့လည်း ပုဂံခေတ်၊အနော်ရထာနှင့်ကိုး ကွယ်မှုဆိုင်ရာတွင် ဗီလိန်ဇာတ်ရုပ်မှ သရုပ်ဆောင်ရသူမှာ အရည်းကြီးပင်ဖြစ်သည်။အနော်ရထာမင်းလက် ထက်၊ပုဂံရှိ သမထီးအရပ်တွင် အရည်းကြီးသုံးကျိပ်နှင့်တပည့် ၆သောင်း သီတင်းသုံးတော်မူ။သူ့အသက် သတ်မိသော်လည်း ဤပရိတ်ရွတ်လျှင် အပြစ်လွတ်၊မိဘကိုသတ်မိသူဆိုလည်း သတ်မှတ်ပရိတ်တစ်မျိုးရွတ် လျှင် အပါယ်မလား…စသည်ဖြင့်။ဘုရားရှင်တရားကိုပယ်ကာ ကိုယ့်ဘာသာ ယူချင်သလိုယူထား သော အဓမ္မကို ဟောကြားသည်။
သထုံပြည်မှ ရှင်အရဟံ ပုဂံသို့ရောက်ရှိပြီးနောက်တွင်တော့ တရားအစစ်ကို တွေ့သော အနော်ရထာမင်းသည် အရည်းကြီးဝါဒကိုပယ်ကာ ဗုဒ္ဓ၏တရား ကို တည်စေသည်။ အရည်းကြီး များကို လူ ၀တ်လဲစေလျက် အဲမောင်း လှံကိုင် ဆင်ချေးကျုံးစေခဲ့ကြောင်း ဖော်ပြထားသည်။ပြောရလျှင် အရည်းကြီး တို့ ၏မိုက်မှားသောအယူဖြင့် ပုဂံတွင်လွှမ်းမိုးနေသောသြဇာကို အနော်ရထာမင်းကဖယ်ရှားခဲ့ ကာ ဗုဒ၏မြတ်သောတရား ပုဂံမှသည် ယနေ့ထိတိုင် တည်တံ့စေခဲ့သည့်သဘောဖြစ်သည်။
ဆင်ခြင်ကြည့်လိုက်တော့ ပြဌာန်းစာအုပ်ပါ ပုဂံရာဇ၀င်မှာ မှန်နန်းရာဇ၀င်မှယူထားခြင်းဖြစ်ကြောင်း တွေ့ရသည်။ဘကြီးတော် မင်းလက်ထက် ခရစ်နှစ် ၁၈၂၉ခုနှစ် မေ၃ရက်နေ့တွင် ရဟန်းပညာရှိ၊ လူပညာရှိ ၁၃ ဦးတို့က မင်းမိန့်အရ ရေးသားပြုစုခြင်းဖြစ် သည်။ရေးသားပြု စုစဉ်ပုဂံကျောက်စာများကိုဖတ်ရှုလေ့လာကိုးကားယူခဲ့သည်ဟုဆိုထားသော် လည်း ကမ္ဘာဦးအစ မဟာသမ္မတမင်းမှစတင်ကာရေးသားခဲ့သလို စိတ် ကူးယဉ်ပုံပြင်သဖွယ် အင်မတန်နားထောင်လို့ကောင်းသော ဇာတ်လမ်းများ စွာကိုလည်းတွေ့ရသည်။
စာကောင်းပေကောင်းလေး ရွေးဖတ်တတ်လာသည့်အရွယ် သမိုင်း ပညာရှင်ဒေါက်တာ သန်းထွန်း ၏ စာအုပ်များကို ရှာဖွေဖတ်ရှုသည့် အချိန်ရောက်တော့ ယခင်သိခဲ့ဖူးသောသမိုင်းများနှင့်ချိန်ထိုး ကာ ကျွန်တော် ရမ်းခါသွား ခဲ့သည်။ဒေါက်တာသန်းထွန်းမှာ အားလုံးသိကြသည့်အတိုင်း ကမ္ဘာကျော်သမိုင်း ပညာရှင်၊အထောက်အထားမရှိဘဲ သမိုင်းကိုမပြော။ ”စိတ်ကူးများရင် သမိုင်းမဟုတ်၊သမိုင်းဟုတ်ရင်စိတ်ကူး မပါ၊မှန်နန်း ထဲမှာပဲရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းကရေးပြီးသားပါနေတယ်။ဒါမျိုးငါတို့မသုံး ”ဟု ဒေါက်တာသန်း ထွန်းကဆိုသည်။
မှန်နန်းရာဇ၀င်တွင်ဖော်ပြထားသော အရည်းကြီး အကြောင်း ကိုဒေါက်တာသန်းထွန်းကပယ်သည်။ရှာဖွေတွေ့ရှိထားသောအထောက်အထား များအရ အရည်းကြီးဆိုသည်မှာ တောကျောင်းရဟန်းတို့ကို ဆို လိုကြောင်းတောကျောင်းရဟန်းတို့သည်အများယုံကြည်နေသောအရည်းကြီး တို့ကဲ့သို့မဆိုးသွမ်း၊ဆိုးသော အရည်းကြီးဂိုဏ်းဟူ၍ မြန်မာနိုင်ငံ ၌ မရှိခဲ့။ထို့ကြောင့်မရှိသောဂိုဏ်းကို နှိပ်ကွပ်သည် ဆိုခြင်း မှာမဖြစ်နိုင်ဟု ၄င်းကဆိုသည်။
သမိုင်းပညာရှင်တို့က အနော်ရထာမင်းနန်းတက်ခုနှစ်ကို အေဒီ ၁၀၄၄ ဟုဆိုသည်။ အရည်းကြီးဟု ဆိုသောတောကျောင်းရဟန်းခေတ်မှာ အေဒီ၁၂၀၀ခန့်တွင်စတင်ခဲ့ပြီးအေဒီ၁၅၀၀ကျော်အထိ ဖွံ့ဖြိုးခဲ့ သည်ဟု သိရသည်။ ထို့ကြောင့် အထောက်အထားများအရ အနော်ရထာနှင့် အရည်းကြီး မှာ ခေတ်ပြိုင် မဟုတ်တာ သေချာသည်။
ဒေါက်တာသန်းထွန်းက အရည်းဆိုသူတို့မှာ ပုဂံခေတ်ဦး၌ မရှိ၊ ပုဂံခေတ်နှောင်းပိုင်း မှသာပေါ် ပေါက်လာကာ ပုဂံပျက်ပြီးနောက် ကာလအတန်ကြာအထိ တိုးတက်ကြီးပွားခဲ့သည်ဟုဆိုသည်။
ကျောက်စာအ ထောက်အထားများအရ တောကျောင်းရဟန်းတို့သည် မြေပိုင်ရှင်များဖြစ်ပြီးလှူဒါန်း သောမြေသာမက ကပ္ပိ ယကဲ့သို့သော လူဝတ်ကြောင်များကို မြေ၀ယ်ခိုင်းသည်။ဝိနည်းကိုခပ်လျော့လျော့ လိုက် နာသည်။မြေအရောင်းအ၀ယ်အောင်မြင်လျှင်မြေပိုင်ရှင်ပြောင်းကြောင်း အသိအမှတ်ပြုရန်အတွက် စားသောက်ပွဲ ကျင်းပလေ့ရှိသည်။
စားသောက်ပွဲသို့ လူအများကိုဖိတ်သည်။နယ်မြေခံအရာရှိများကိုမူ ဖျင် အ၀တ်ပါလက်ဆောင်ပေးသည်။မြေအရောင်းအ၀ယ်တန်ဖိုးကြီးလျှင်ကြီးသလို စားသောက်ပွဲလည်း ကြီး ကျယ်သည် ။စားသောက်ပွဲအမယ်များမှာ အမဲ၊၀က်၊ဆိတ်၊ကြက်၊သမင်၊ငါးနှင့်သေ ရည်တို့ဖြစ်သည်။စား သောက်ပွဲ ကို ဘုန်းကြီးကျောင်း၌လည်းပြုလုပ်သလို ရွာထဲတွင် ကနားထိုးပြီးလည်းပြု လုပ်ကြောင်း ကျောက်စာ မှတ်တမ်း များကဖော်ပြသည်။
တောကျောင်းရဟန်းတို့မှာထိုသို့စားသောက်ပွဲများတွင်သေသောက်သည်။ သားကြီးငါးကြီးသတ် သည်ကိုအားပေးသည်။ ညစာစားသည်။ ယင်းသို့သောအချက်များမှအပ ယခုရဟန်းတို့ထက်အမူအကျင့်မ ညံ့၊အရည်းကြီးဟုဆိုလျှင်တွဲမြင်လေ့ရှိသော ပန်းဦးစွန့်ခြင်းအလေ့လည်း လုံးဝမရှိခဲ့ဟု ဒေါက်တာသန်းထွန်း ကဆိုသည်။
တောကျောင်းဂိုဏ်းစတင်ခဲ့သည့်နေရာမှာ မုံရွာနှင့် စစ်ကိုင်းခရိုင် တို့အတွင်းဖြစ်သည်။ပုဂံခေတ်က မုံရွာနှင့်စစ်ကိုင်းခရိုင်ဆိုသည်မှာ မင်းနေပြည်တော်ပုဂံနှင့် အင်မတန်ဝေးခေါင်သောအရပ်ဖြစ်သည်။တော ကျောင်းဂိုဏ်းမှာ မင်းနေပြည်တော်ပုဂံအထိမည်သို့ သြဇာချဲ့ထွင် ခဲ့သနည်း။တောကျောင်းဂိုဏ်းခေါင်း ဆောင် သျှင်မဟာကဿပမှာ အံ့သြဖွယ်ရာပုဂ္ဂိုလ်ထူး ဖြစ်ခြင်းကြောင့်ဖြစ်သည်။မှတ်တမ်းအရ မဟာက ဿပ၏မွေးသက္ကရာဇ်မှာ အေဒီ၁၁၆၉(သက္ကရာဇ်၅၃၁) ဖြစ်ပြီးအေဒီ၁၂၁၅ တွင် ပုဂံမင်းက၄င်းခံစား နေရ သော ဝေဒနာကိုလာရောက်ကုစားပေးရန် အတန်တန်ပင့်ဖိတ်ခဲ့သဖြင့် သွားရောက်ကုသခဲ့ရာ ပျောက် ကင်း သွားသဖြင့် ဘုရင်ကိုးကွယ်သောဆရာတော်အဖြစ် အကြီးအကျယ် ပူဇော် ခံရသည် ဟု ကျောက်စာ မှတ်တမ်း ကဖော်ပြသည်။
ခုနှစ်များကိုတွက်ချက်ကြည့်လိုက်တော့ သျှင်မဟာကဿပမှာ သက်တော်၄၆နှစ်ရောက်မှ မင်းကိုး ကွယ်သောဆရာတော်အဖြစ် ပုဂံနေပြည်တော်တွင်ထင်ရှားခဲ့ခြင်းဖြစ်သည်။နန်းစဉ်မှတ်တမ်းများအရ ပုဂံ မင်းဆိုသည်မှာ နန်းတောင်းများမင်းဟု မှတ်ယူနိုင်သည်။
ကျောက်စာမှတ်တမ်းအရ အေဒီ၁၂၃၃တွင် ပုဂံအရှေ့ မင်းနန်သူရွာ တွင် တောကျောင်းတစ် ကျောင်း နှင့်အေဒီ၁၂၃၆တွင် ဖွားစောရွာ၌ တောကျောင်း တစ်ကျောင်း တည်ကြောင်း သိရသည်။ မင်းနန်သူနှင့် ဖွားစောရွာမှာ ရာဇ၀င်တို့တွင်ပြောသော ရှင်မထီးအရပ်ဖြစ်သည်။ပုဂံတွင် မင်း ရောပြည်သူပါ ကြည်ညိုကိုး ကွယ်မှု အခိုင်အမာ ရရှိပြီးနောက်အေဒီ၁၂၄၄ခန့် တွင် ကျောက်ဆည်နယ်၌ တောကျောင်းများ တည်သည်။
သျှင်မဟာကဿပသည် ယောနယ်သို့သာသနာပြုရန်ကြွစဉ် အေဒီ၁၂၇၂နှင့်အေဒီ၁၂၇၈ကြား၊ သက်တော် ၁၀၃(သို့) ၁၀၉နှစ် အထိနေပြီးမှ ပျံလွန်သည်ဟု ဒေါက်တာသန်းထွန်းက ခန့်မှန်းသည်။သျှင် မဟာကဿပ ပျံလွန်ခဲ့သောနေရာမှာ ပုံတောင်ပုံညာနှင့် မဟူတောင် တို့ဆုံရာ၊ မုံရွာမှ အရှေ့မြောက်မိုင် ၆၀ခန့်အကွာတွင်ဖြစ်သည်။
ယခုဆောင်းပါးကိုနိဂုံးချုပ်ရသော် အနော်ရထာဘုရင်လက်ထက်တွင် ဗုဒ္ဓဘာသာ ထွန်းကားပြန့် ပွားလာသည်မှာမှန်သော်လည်း အနော်ရထာ လက်ထက်တွင် ဆိုးသွမ်းသောအရည်းကြီးဂိုဏ်းဆိုသည်မှာ မရှိ။ ပုဂံခေတ်နှောင်းတွင်ပေါ်ပေါက်လာသော တောကျောင်းဂိုဏ်း(သို့) အရည်းကြီး ဂိုဏ်းမှာ ၀ိနည်းအရ လျော့ရဲမှုအချို့ရှိသော်လည်း ရဟန်း အလုပ် ကို ပီပြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်သာ မင်းနှင့်ပြည်သူ၏ ယုံကြည်ကိုးစားမှုရခြင်းဟုကောက်ချက်ချနိုင်သည်။
တောကျောင်းဂိုဏ်းခေါင်းဆောင်သျှင်မဟာကဿပဆိုလျှင်
ပုဂံခေတ်နှောင်း မှသည် ယနေ့တိုင် ထင်ရှားမြဲ ဆရာတော်တစ်ပါးဖြစ် သည်။သို့သော်၊သမိုင်းတွင် အရည်းကြီးတို့သည် ယနေ့တိုင်ပုံဖျက်ခံနေရ ဆဲလည်းဖြစ်သည်။ဘာ့ကြောင့်အရည်းကြီးတို့ပုံဖျက်ခံရသလဲဆိုတာတော့မသိ။မည်သို့သောအကြောင်း ကြောင့်ပုံဖျက်သည်ဖြစ်စေအရည်းကြီးတို့ကို သမိုင်း၏အကျဉ်းထောင်ထဲမှ လွတ်ငြိမ်းခွင့်ပြုသင့်ပြီ။မစင် ကြယ်သော မှားသောသမိုင်းတို့ကိုပညာရှင်တို့စိစစ်ကာ သမိုင်းစာမျက်နှာထက်မှ ဖယ်ရှားသင့်ပြီ။ ပြောင်း လဲချိန်တန်ပြီဟု ပြောရန်ပင် အင်မတန်နောက် ကျနေပေပြီ။
မျိုးညွန့်(Popular News)
ကိုးကား
ခေတ်ဟောင်းမြန်မာရာဇ၀င်(ဒေါက်တာသန်းထွန်း)
ငါပြောချင်သမျှငါ့အကြောင်း(ဒေါက်တာသန်းထွန်း)
မှန်နန်းမဟာရာဇ၀င်တော်ကြီး
Friday, 9 November 2018
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူ
ပျူ (the pyu)
************
ဒီပျူတွေကြောင့်ပဲ ကျွန်တော်တို့နိုင်ငံ ၂၀၁၄ ခုနှစ်ဇွန်လမှာ ကမ္ဘာ့
အမွေအနှစ်ရခဲ့တာဖြစ်ပါတယ် သူတို့ရဲ့ကြိုးစားအားထုတ်ခဲ့မှုတွေက
ယနေ့ကျွန်တော်တို့မြန်မာပြည်အတွက် ကမ္ဘာ့အမွေနှစ်နဲ့ထိုက်တန်ဖို့
အကြောင်းတရားတွေပါပဲ သူတို့ဟာကြံရည် ဖန်ရည်မြင့်မားသူတွေဖြစ်
လို့အရှေ့တောင်အာရှရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က မြို့ပြ
ထူထောင်နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာကိုလည်း ခိုင်မာတောင့်တင်းအောင်ပန္နက်
ချနိုင်ခဲ့တဲ့တစ်ခုထည်းသောဒေသဖြစ်ပါတယ် ဒီအချက်တစ်ခုထည်းနဲ့
တင် ကမ္ဘာ့အမွေအနှစ်ရရှိဖို့အခွင့်အရေးကများစွာရှိနေပါတယ်ပျူလူမျိုး
တွေဟာမြို့ပြတည်ထောင်ဖို့အတွက်နေရာရွေးချယ်ကြရာမှာ အင်မတန်
လိမ္မာပါးနပ်စွာနဲ့မဟာဗျူဟာ နည်းဗျူဟာကျကျရွေးချယ်တတ်ကြပါ
တယ် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဧရာဝတီမြစ်ကိုကျောထောက်
နောက်ခံထားလို့ သူ့ထံဆက်သွယ်လာမယ့် မြစ်အသွယ်သွယ် ချောင်း
အသွယ်သွယ်ကကြားထည်းကမြစ်ဝှမ်းလွင်ပြင် အသွယ်သွယ်က ပျူလူ မျိုးများအတွက်မြို့ပြတည်ဆောက်နိုင်ဖို့ရွေးချယ်အသုံးပြုရတဲ့ဗျူဟာ တစ်ခုဆိုရင် မမှားပါဘူး တွေ့ရှိ တူးဖော်သုတေသနပြုထားတဲ့ပျူမြို့
ဟောင်းတွေရဲ့ Settlement pattern ကိုလေ့လာတဲ့အခါ ဟန်လင်းမြို့ဟောင်းက မူးမြစ်ဝှမ်းလွင်ပြင် မိုင်းမောက ကျောက်ဆည် ဗိဿနိုးက ယင်းလွင်ပြင် သရေခေတ္တရာက နဝင်းလွင်ပြင် စတာတွေကို
အခြေပြုတည်ဆောက်ထားတာတွေ့ရှိရပါတယ် လွင်ပြင်တွေဟာ သူတို့
မြို့ပြတည်ဆောက်မှုအတွက် အရေးပါလှတဲ့ အစိတ်အပိုင်းပဲဖြစ်ပါ
တယ် ရေစီမံခန့်ခွဲမှုအတွင်း ဒီလွင်ပြင်တွေဟာ အစားအစာထုတ်လုပ်မှု
နဲ့ မြို့ပြလုံခြုံရေးအစီအမံများထိ အသုံးဝင်ပါတယ် သွားလာပို့ဆောင်
ရေးနဲ့ဘာသာရေးပွဲလမ်းများအတွက် တစ်စတစ်စ အသုံးချမှုပုံစံ အမျိုး
မျိုးနဲ့ရှည်လျားလှတဲ့ပျူခေတ်ကြီးတစ်လျောက်လုံး ပုံစံတွေပြောင်းပြီး
အသုံးချခဲ့ကြပါတယ် ပျူခေတ်ရဲ့ ဘာသာရေး လူမူရေး နိုင်ငံရေးအစစ
အအောင်မြင်ဆုံး အချိန်က အေဒီ၅ရာစုက စနိုင်မယ်လို့ယူဆနိုင်ပါ
တယ် ဒါအထောက်အထားကို သရေခေတ္တရာ တူးဖော်သုတေသနပြု
ချက်များကထောက်ခံပေးပါတယ် တူးဖော်သုတေသန ပြုလုပ်တဲ့အ
ဆောက်အုံရဲ့မြေလွှာအတွင်းနဲ့အရိုးအိုးအတွင်းက မီးသွေးစတွေကို
စစ်ဆေးတဲ့ဓါတ်ခွဲခန်းအဖြေများအရ AD ၅ရာစုနဲ့ ၇ရာစု ဆိုတဲ့အဖြေ
ကများပါတယ် ဒီအဖြေတွေပေးတဲ့အဆောက်အုံတွေက သရေခေတ္တရာ
မြို့ကြီးတိုးချဲ့ပြီးမှ တည်ဆောက်ခဲ့ကြတဲ့အဆောက်အုံများစီကရရှိခဲ့
တာများပါတယ် ဗိဿနိုးနဲ့နှိုင်းယှဉ်ရင် သရေခေတ္တရာရဲ့ယခုမြေပြင်မှာ
ရှိနေတဲ့ယဉ်ကျေးမှုအခင်းအကျင်းက များစွာကွာခြားလွန်းလှပါတယ်
သရေခေတ္တရဲ့မိုးပျံနေတဲ့ စေတီကြီးတွေဖြစ်ကြတဲ့ ဘောဘောကြီး
ဘုရားမာနဲ့ ဘုရားကြီးစေတီတွေက သရေခေတ္တရာ ပျူတွေရဲ့ဘာသာ
ရေးအပေါ်ဆက်လက် အောင်မြင်နေမှုများက အခြားသော ဗိဿနိုး ဟန်လင်း မိုင်းမော ပျူမြို့များထက် သာလွန်နေပါတယ် ဒါဟာ ပျူခေတ်ရဲ့နောက်ဆုံးကာလတွေအထိ သရေခေတ္တရာ သယ်ဆောင်
သွားခဲ့တယ်ဆိုတဲ့အချက်ပါပဲ ပျူမြို့ဟောင်းတွေမှာ မြို့ရိုးတည်
ဆောက်မှုတွေက တစ်ပုံစံထည်းဖြစ်ပါတယ် ဒါပေမယ့် ဗိဿနိုး နဲ့ဟန်
လင်းက ပိုလို့ဆင်တူပါတယ် ဝင်ပေါက်တွေက တူလွန်းပါတယ် ဒါ
ပေမယ့် ဟန်လင်းမြို့ဝင်ပေါက်တည်ဆောက်မှု လက်တံတည်ဆောက်မှု
တွေကနဲနဲရှုပ်ထွေးစပြုလာပါတယ် မိုင်းမောရဲ့ရှားရှားပါးပါးရှိထားတဲ့
ကုန်းအမှတ်၁၈ အရှေ့ဘက်မြို့ဝင်ပေါက်က ဗိဿနိုးက မြို့ဝင်ပေါက်
ထက်တောင်ပိုလို့ရိုးရှင်းနေတယ် သရေခေတ္တရာကတော့ အဆင့်
အတန်းအတော်မြင့်နေပါပြီ သရေခေတ္တရာရဲ့နန်းတော်ရာဟာ ၆၆ ဧက
ကျယ်ဝန်းပြီး ဒေါင့်မှန်စတုဂံပုံ တစ်ပတ်လည်လုံး အတွင်းကျုးံထည့်ပြီး
တည်ဆောက်ထားတဲ့အဆင့်ရောက်နေပါပြီ ဒီအင်္ဂါရပ်က အခြားပျူမြို့
ဟောင်းများမှာ မတွေ့ရပါဘူး နန်းတော်ရာအတွင်းမှာတော့ ထပ်မံပြီး
တံတိုင်းများပိုင်းခြားထားတာ သရေခေတ္တရာမှာရောဗိဿနိုးမှာရော ပုံစံ
အတူတူပါပဲ ဒါပေမယ် သရေခေတ္တရာရဲ့တံတိုင်းတွေကို ပိုမိုထုထည်
ကြီးမားလာပါပြီ ပျူတွေဟာ ဘာသာရေးအဆောက်အုံနဲ့နန်းတော်ရာ
အဆောက်အုံတွေကလွဲလို့ အခြားလူနေထိုင်တဲ့အဆောက်အုံများကို
အုတ်အဆောက်အုံနဲ့အသုံးမပြုကြပါဘူး သစ်တွေ ဝါးတွေနဲ့သာ နေထိုင်ကြပုံရပါတယ် ပျူမြို့ဟောင်းများရဲ့တစ်ချို့နေရာတွေမှာ အုတ်အဆောက်အုံကုန်းတွေမရှိပဲ အိုးခြမ်းကွဲ အနှံ့အပြားမြေပြင်ပြင်မှာ
ပျံ့ကျဲနေတဲ့နေရာတွေများစွာရှိပါတယ်ပျူတွေရဲ့လူနေထိုင်မှုအစစ်အမှန်
social pattern ကိုသိခြင်ရင် ဒီနေရာတွေကို အုတ်အဆောက်အုံမ
ရပေမယ့် မြေလွှာတစ်ခုခြင်း သူ့ရဲ့အလွှာလိုက်ပေါ်လာမယ့် မြေလွှာနဲ့
အခြားဆက်စပ်မှု locus တွေကို အဓိပ္ပါယ်ပြန်နိုင်ခြင်းဖြင့် သိရှိနိုင်
ပါတယ် တစ်ချို့နေရာတွေမှာ သံမယ်န အရွယ်မျိုးစုံတွေ့ရလို့ သစ်ဝါး
တွေကို စရွေးဖောက်ထည့်ပြီးသံမယ်နအနဲငယ်နဲ့ထိန်းလို့ဆောက်
လုပ်နေထိုင်တယ်လို့ဆိုပါတယ် ပျူတွေနေအိမ်ဆောက်ဖို့ ယခုခေတ်
လို သံချောင်းလှိုင်လှိုင်တော့ မသုံနိုင်ခဲ့ပါဘူး ဘာလို့လည်းဆိုရင် ဒီလို
အိုးခြမ်းကွဲတွေကြီးပဲရှိတဲ့ habitation area တွေမှာသံမယ်နတွေ့
တာအတော်လေးနဲပါတယ်တွေ့တော့တွေ့ပါတယ် များသောအားဖြင့်
တော့ပျူတွေဟာသံထည်ပစ္စည်းတွေကိုနည်းလမ်းနှစ်ခုနဲ့အသုံးချခဲ့ပုံ
ရပါတယ် တစ်ခုက ယုံကြည်မှုနဲ့ ကျန်တစ်ခုကအဆောက်အုံတွေမှာ တကယ်အသုံးပြုခဲ့တယ်လယ်ယာစိုက်ပျိုးရေးပစ္စည်းတွေပြုလုပ်တယ် လက်နက်ကရီယာတွေအခြားသူတို့နေ့စဉ်ဘဝမှာလိုအပ်တဲ့ပစ္စည်းတွေ
လုပ်ကြပါတယ် အထူးသဖြင့် ပျူမြေလွှာ ဒါမှမဟုတ် အရိုးအိုးတွေ
အတွင်းမှာ တွေ့ရတဲ့ ဓါးတွေက ဦးချိုးထားတဲ့ဓားတွေများပါတယ်
သရေခေတ္တရာကုန်းအမှတ် ၃၂ တူးဖော်တဲ့အခါ အဆောက်အုံပန္နက်
ပတ်လည်နဲ့လှေခါးဘေးတွေမှာ အရိုးအိုးတွေထွက်လာပါတယ် ပုံစံက
သပိတ်ပုံတွေပါ အထည်းမှာအရိုးအပိုင်းအစတွေနဲ့အတူ ဓားအကျိုး
တွေကိုတွေ့ရှိရပါတယ် ဒီအတိုင်းအလွတ်တွေ့ရတဲ့ဓါးအရှည် တိုက်ပွဲ
ဝင်တဲ့ဓါးမျိုးတော့ တူးဖော်မှုတစ်လျောက်မတွေ့ရသေးပါဘူး ဒါပေမယ့်
လှံသွားပုံစံတော့အတွေ့ရများပါတယ် စစ်မက်ရေးရာနဲ့ပတ်သက်လို့
ဟန်လင်းတူးဖော်ရေးမှာ သံညှောင့်တွေအတွေ့ရများပါတယ် ဒါ့ပြင်
ဟံလင်းရဲ့တံခါးဝင်ပေါက်လက်တံတွေရဲ့ ဘေးနဲ့ ဒေါင့်တွေမှာ ပစ်လို့
ရတဲ့ကျောက်အပုံလိုက်တွေ့ရပါတယ် ဟံလင်းရဲ့ကုန်းအမှတ် ၃၁ နဲ့
၃၃မှာတွေ့နိုင်ပါတယ် ဒါကြောင့် မူးမြစ်ဝှမ်းမှာရှိခဲ့တဲ့ဟန်လင်းဟာ
ပျူတွေအတွက်သိပ်ပြီးငြိမ်းချမ်းခဲ့ပုံမရပါဘူး ဟန်လင်းရဲ့ပျူအဆောက်
အုံတွေနဲ့ပျူခေတ်ဆိုင်ရာ အိုးတွေ အရိုးအိုးတွေ တွေ့ရှိရမှုကဟန်လင်း
ရဲ့ယခုမြေလွှာအောက် ၁၀ ပေနဲ့ပေ ၃၀ ကြား မှာရှိတဲ့သံခေတ်
အထောက်အထားတွေလောက်မရရှိခဲ့ပါဘူး တွေ့လိုက်ရင် ပျူခေတ်
အိုးအင်ခွက်ရောက်တွေထက် သံခေတ် မြေထည်အိုးတွေကိုပိုများပါ
တယ် ပြောချင်တာကတော့လဟန်လင်းပျူတွေဟာ အစောပိုင်းတည်
ထောင်မှုမှာ စစ်မက်အကြောင်းတစ်ခုကြောင့် သိပ်တိုးတက်ခဲ့ပုံမရပါဘူး
သရေခေတ္တရာထက်လည်းစောနိုင်ပါတယ် ဗိဿနိုးရဲ့အချိန်တွေက ဟန်လင်းနဲ့မတိန်းမယိမ်းပါပဲ ဒီအချိန်က သရေခေတ္တရာရဲ့အစောပိုင်း
ကာလတွေဖြစ်နိုင်ပါတယ် ယခုကျွန်တော်နင်းနေတဲ့အပေါ်ရံအလွှာ
တော့မဟုတ်လောက်ပါဘူး အရေးအခင်း ၁၉၈၈ ခုနှစ်ရွှေတွေကျင်စဉ်
တုန်းက နန်းတော်ရာရဲ့ယခုမြေပြင်အောက် ပေ ၂၀လောက်မှာ အုတ်ရိုးတန်းကြီးတွေတွေ့ခဲ့သူတွေရှိခဲ့ပြီး ကျွန်တော်ကိုယ်တိုင်လည်း
၁၉၉၇ ခုနှစ်နန်းတော်ရာမြိုရိုးမြောက်ဘက်ဝင်ပေါက်တူးဖော်စဉ်က ဒီကျင်းထည်းချော်ကျရင်းအုတ်ရိုးတန်းကြီးတွေတွေ့ခဲ့ရပါတယ် ဒီအထောက်အထားတွေဟာ ပျူခေတ်ရဲ့အစောပိုင်းကာလများဆီကို အရောက်ပို့ဆောင်ပေးမယ့် အခိုင်အမာဆုံး အထောက်အထားပဲဖြစ်ပါတယ်။
#KMW
(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)
(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း) မြန်မာသက္ကရာဇ် ၁...
-
မောင်ဖေငယ်လို အချစ် ……………………………………………………… ( ရာဇဝင်ထဲက ရင်နင့်ဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်း ) မောင်ဖေငယ် ဆိုတာ ဒိုင်းခင်ခင် ရဲ့ မိခင်ဖခင်တွေ က...
-
ဟာရပ္ပနဲ့ မိုဟမ်ဂျိုဒါရိုတွေ့ ယာယီအမည် အိန္ဒူမြစ်ဝှမ်း ယဉ်ကျေးမှုမှ ပုတီးစေ့တွေနဲ့ ပျူခေတ်ပုတီးစေ့တွေကို နှိုင်းယှဉ်လေ့လာနိုင်ရန်ဖြစ်ပါတယ်။ြ...
-
အရည်းကြီးတို့ကို လွတ်ငြိမ်းခွင့်ပြုပါတော့ ======================== ဆောင်းပါးရှင် မျိုးညွှန့်(Popular News ) အမှတ်မထင် သား၏ ၅ တန်းသင်ရု...