Thursday, 3 January 2019

အရည်းကြီးတို့ကို လွတ်ငြိမ်းခွင့်ပြုပါတော့

အရည်းကြီးတို့ကို လွတ်ငြိမ်းခွင့်ပြုပါတော့
========================
ဆောင်းပါးရှင်
မျိုးညွှန့်(Popular News )
 
အမှတ်မထင် သား၏ ၅ တန်းသင်ရိုး သမိုင်းစာအုပ်ကိုကောက် လှန်ကြည့် လိုက်တော့ ပြောင်းလဲချိန် တန်ပြီဆိုသည့် ဆောင်ပုဒ် ကိုပြေးမြင်မိသည်။ ကျွန်တော့်တို့ငယ်စဉ် လွန်ခဲ့သော ၃၅နှစ်က သင်ခဲ့ရသော သ မိုင်းသည် ယနေ့ထိတိုင်မပြောင်း။မှားသောသမိုင်းက ယနေ့ထိတိုင် ပြဌာန်းစာအုပ်ထဲ မပြောင်းမလဲ နေရာ ယူ ထားခြင်းက အင်မတန်မှ ၀မ်းနည်းဖွယ် ရာဖြစ် သည်။ ကျွန်တော်ပြောချင်သော သမိုင်းအမှားဆိုသည်မှာ ခေတ်အဆက် ဆက် သမိုင်းတွင်ဗီလိန်အဖြစ် ပုံဖျက်ခြင်းခံထားရသော အရည်းကြီး ဆိုသူတို့အကြောင်းဖြစ်သည်။

၅ တန်းသမိုင်း၊ ပုဂံခေတ် ကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ “အနော်ရထာမင်းနန်းမတက်မီက ပုဂံ တွင် နတ်နဂါးနှင့် အရည်းကြီး ကိုးကွယ်မှု ထွန်းကားခဲ့သည်။အရည်းကြီးတို့၏ မဟုတ်မမှန်သော အယူဝါဒများ လွှမ်းမိုးခဲ့သည်။အနော်ရထာလက်ထက်တွင်မူမွန်ရဟန်းတော် ရှင်အရဟံနှင့် တွေ့ဆုံမိပြီးတရားစစ်တရားမှန် ကို နာကြားရပြီးနောက် အရည်းကြီးအယူဝါဒကို ပယ်ရှားခဲ့သည်……….”ဟုဖော်ပြထားသည်။

၅တန်း သမိုင်းမှာမှမဟုတ်။အခြေခံပညာအဆင့် သမိုင်းသင်ရိုး၊ ပုဂံခေတ်အကြောင်းပါလျှင် အနော်ရ ထာမင်းသည်ပါမြဲ။ အနော်ရထာ ပါလျှင် အရည်းကြီးဆိုသည်မှာလည်းပါမြဲ။ထိုမျှမက၊ဇာတ်ပွဲ များတွင်ဆို လည်းအရည်းကြီးဆိုသည် ပုံဆိုးပန်းဆိုး၊ မဟားဒရား ပုံစံမျိုးဖြင့်။ ယနေ့ထိတိုင် စာရေးဆရာအချို့ပင်လျှင် အရည်း ကြီးကို ဓမ္မအန္တရာယ်အဖြစ် ကိုးကားလျက်ရှိသည်ဆိုတော့  မြန်မာ့လူ အဖွဲ့အစည်းအတွင်း အရည်း ကြီးဆို ဗီလိန်ဟု ယဉ်ပါးခဲ့သည်မှာ မဆန်း။

အရည်းကြီးနှင့်ကိုယ့်အကြောင်းကိုယ်စဉ်းစားကြည့်တော့ အရည်းကြီးဆိုသည့်ဝေါဟာရကို ကြောက်စရာ ကောင်းသောသူအဖြစ် ၄-၅နှစ်အရွယ်ကတည်းက စတင်သိမှတ်ခဲ့ရသည်။ကျွန်တော်နေထိုင် ရာ မွန်ပြည်နယ်၊ချောင်းဆုံမြို့ပေါ်နှင့် ၃မိုင်ခန့်အကွာ ခရိုက်သစ်ရွာတွင်ဆံရှည် ကိုယ်တော်ရသေ့အသွင်ဖြင့်ဝါးတဲကျောင်းလေးတွင်တစ်ကိုယ်တော်နေထိုင်သည်။ စကားတွေဘာတွေပြောလေ့ ပြောထအင်မတန် နည်းသည်။ တချို့က စိတ်ရောဂါရှိသည်ဟုဆိုသော်လည်း ဘယ်လောက်ထိမှန်၊ မမှန်တော့မသိ။ တွေ့ရခဲ သော ကိုးရိုးကားရား အသွင်မို့ အဒေါ်ဖြစ်သူ ကိုမေးကြည့်တော့ အရည်းကြီး ဟုဆိုသည်။

အရည်းကြီးဆိုတာဘာလဲဟု ထပ်မေးကြည့်တော့ ကြောက်စရာကောင်းတဲ့ ဘုန်းကြီးဟု ထပ်ပြော ပြသည်။ဘာလို့ ကြောက်စရာကောင်းသလဲ မသိသော်လည်း ဆံရှည်ကြီးနဲ့ရသေ့အသွင်မို့ ရင်ထဲစိမ့်သွားခဲ့သည်။ ဘယ်လောက်ထိစိမ့်သွားခဲ့သလဲဆို ကြီးကောင် ၀င်စအချိန်ထိ ထိုကိုယ်တော် ကျောင်းရှေ့မှ ဖြတ်တိုင်း ရင်တထိတ်ထိတ်ဖြင့် စက်ဘီးကို အားကုန်နင်းသည် အထိ။

ထိုအစွဲအလန်းကြောင့် အရည်းကြီးကိုကိုယ့်စိတ်ကူးနဲ့ ကိုယ် ပုံဖော်ကြည့် တိုင်း ဆံပင်ကတော့ရှည်မြဲ။ နည်းနည်းကြီးလာတော့ ရေငုပ်၊မီးလှုံ၊တုံးခုန်၊ဇယ်တောက်တို့လို ရှင်ဘုရင်ကစလို့ ဘယ်ပြည်သူမဆို သတို့ သမီး၏ပန်းဦးကို အရည်းကြီးတို့ထံ အရင်ဆက်သရတာတို့ဘာတို့ ထပ်သိလာရသည်။

မှန်နန်းရာဇ၀င်ကိုကောက်လှန်နိုင်သည့်အချိန်ရောက်တော့လည်း ပုဂံခေတ်၊အနော်ရထာနှင့်ကိုး ကွယ်မှုဆိုင်ရာတွင် ဗီလိန်ဇာတ်ရုပ်မှ သရုပ်ဆောင်ရသူမှာ အရည်းကြီးပင်ဖြစ်သည်။အနော်ရထာမင်းလက် ထက်၊ပုဂံရှိ သမထီးအရပ်တွင် အရည်းကြီးသုံးကျိပ်နှင့်တပည့် ၆သောင်း သီတင်းသုံးတော်မူ။သူ့အသက် သတ်မိသော်လည်း ဤပရိတ်ရွတ်လျှင် အပြစ်လွတ်၊မိဘကိုသတ်မိသူဆိုလည်း သတ်မှတ်ပရိတ်တစ်မျိုးရွတ် လျှင် အပါယ်မလား…စသည်ဖြင့်။ဘုရားရှင်တရားကိုပယ်ကာ ကိုယ့်ဘာသာ ယူချင်သလိုယူထား သော အဓမ္မကို ဟောကြားသည်။

သထုံပြည်မှ ရှင်အရဟံ ပုဂံသို့ရောက်ရှိပြီးနောက်တွင်တော့ တရားအစစ်ကို တွေ့သော အနော်ရထာမင်းသည် အရည်းကြီးဝါဒကိုပယ်ကာ ဗုဒ္ဓ၏တရား ကို တည်စေသည်။ အရည်းကြီး များကို လူ ၀တ်လဲစေလျက် အဲမောင်း လှံကိုင် ဆင်ချေးကျုံးစေခဲ့ကြောင်း ဖော်ပြထားသည်။ပြောရလျှင် အရည်းကြီး တို့ ၏မိုက်မှားသောအယူဖြင့် ပုဂံတွင်လွှမ်းမိုးနေသောသြဇာကို အနော်ရထာမင်းကဖယ်ရှားခဲ့ ကာ ဗုဒ၏မြတ်သောတရား ပုဂံမှသည် ယနေ့ထိတိုင် တည်တံ့စေခဲ့သည့်သဘောဖြစ်သည်။

ဆင်ခြင်ကြည့်လိုက်တော့ ပြဌာန်းစာအုပ်ပါ ပုဂံရာဇ၀င်မှာ မှန်နန်းရာဇ၀င်မှယူထားခြင်းဖြစ်ကြောင်း တွေ့ရသည်။ဘကြီးတော် မင်းလက်ထက် ခရစ်နှစ် ၁၈၂၉ခုနှစ် မေ၃ရက်နေ့တွင် ရဟန်းပညာရှိ၊ လူပညာရှိ ၁၃ ဦးတို့က မင်းမိန့်အရ ရေးသားပြုစုခြင်းဖြစ် သည်။ရေးသားပြု စုစဉ်ပုဂံကျောက်စာများကိုဖတ်ရှုလေ့လာကိုးကားယူခဲ့သည်ဟုဆိုထားသော် လည်း ကမ္ဘာဦးအစ မဟာသမ္မတမင်းမှစတင်ကာရေးသားခဲ့သလို စိတ် ကူးယဉ်ပုံပြင်သဖွယ် အင်မတန်နားထောင်လို့ကောင်းသော ဇာတ်လမ်းများ စွာကိုလည်းတွေ့ရသည်။

စာကောင်းပေကောင်းလေး ရွေးဖတ်တတ်လာသည့်အရွယ် သမိုင်း ပညာရှင်ဒေါက်တာ သန်းထွန်း ၏ စာအုပ်များကို ရှာဖွေဖတ်ရှုသည့် အချိန်ရောက်တော့ ယခင်သိခဲ့ဖူးသောသမိုင်းများနှင့်ချိန်ထိုး ကာ ကျွန်တော် ရမ်းခါသွား ခဲ့သည်။ဒေါက်တာသန်းထွန်းမှာ အားလုံးသိကြသည့်အတိုင်း ကမ္ဘာကျော်သမိုင်း ပညာရှင်၊အထောက်အထားမရှိဘဲ သမိုင်းကိုမပြော။ ”စိတ်ကူးများရင် သမိုင်းမဟုတ်၊သမိုင်းဟုတ်ရင်စိတ်ကူး မပါ၊မှန်နန်း ထဲမှာပဲရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းကရေးပြီးသားပါနေတယ်။ဒါမျိုးငါတို့မသုံး ”ဟု ဒေါက်တာသန်း ထွန်းကဆိုသည်။

မှန်နန်းရာဇ၀င်တွင်ဖော်ပြထားသော အရည်းကြီး အကြောင်း ကိုဒေါက်တာသန်းထွန်းကပယ်သည်။ရှာဖွေတွေ့ရှိထားသောအထောက်အထား များအရ အရည်းကြီးဆိုသည်မှာ တောကျောင်းရဟန်းတို့ကို ဆို လိုကြောင်းတောကျောင်းရဟန်းတို့သည်အများယုံကြည်နေသောအရည်းကြီး တို့ကဲ့သို့မဆိုးသွမ်း၊ဆိုးသော အရည်းကြီးဂိုဏ်းဟူ၍ မြန်မာနိုင်ငံ ၌ မရှိခဲ့။ထို့ကြောင့်မရှိသောဂိုဏ်းကို နှိပ်ကွပ်သည် ဆိုခြင်း မှာမဖြစ်နိုင်ဟု ၄င်းကဆိုသည်။

သမိုင်းပညာရှင်တို့က အနော်ရထာမင်းနန်းတက်ခုနှစ်ကို အေဒီ ၁၀၄၄ ဟုဆိုသည်။ အရည်းကြီးဟု ဆိုသောတောကျောင်းရဟန်းခေတ်မှာ အေဒီ၁၂၀၀ခန့်တွင်စတင်ခဲ့ပြီးအေဒီ၁၅၀၀ကျော်အထိ ဖွံ့ဖြိုးခဲ့ သည်ဟု သိရသည်။ ထို့ကြောင့် အထောက်အထားများအရ အနော်ရထာနှင့် အရည်းကြီး မှာ ခေတ်ပြိုင် မဟုတ်တာ သေချာသည်။

ဒေါက်တာသန်းထွန်းက အရည်းဆိုသူတို့မှာ ပုဂံခေတ်ဦး၌ မရှိ၊ ပုဂံခေတ်နှောင်းပိုင်း မှသာပေါ် ပေါက်လာကာ ပုဂံပျက်ပြီးနောက် ကာလအတန်ကြာအထိ တိုးတက်ကြီးပွားခဲ့သည်ဟုဆိုသည်။
ကျောက်စာအ ထောက်အထားများအရ တောကျောင်းရဟန်းတို့သည် မြေပိုင်ရှင်များဖြစ်ပြီးလှူဒါန်း သောမြေသာမက ကပ္ပိ ယကဲ့သို့သော လူဝတ်ကြောင်များကို မြေ၀ယ်ခိုင်းသည်။ဝိနည်းကိုခပ်လျော့လျော့ လိုက် နာသည်။မြေအရောင်းအ၀ယ်အောင်မြင်လျှင်မြေပိုင်ရှင်ပြောင်းကြောင်း အသိအမှတ်ပြုရန်အတွက် စားသောက်ပွဲ ကျင်းပလေ့ရှိသည်။

စားသောက်ပွဲသို့ လူအများကိုဖိတ်သည်။နယ်မြေခံအရာရှိများကိုမူ ဖျင် အ၀တ်ပါလက်ဆောင်ပေးသည်။မြေအရောင်းအ၀ယ်တန်ဖိုးကြီးလျှင်ကြီးသလို စားသောက်ပွဲလည်း ကြီး ကျယ်သည် ။စားသောက်ပွဲအမယ်များမှာ အမဲ၊၀က်၊ဆိတ်၊ကြက်၊သမင်၊ငါးနှင့်သေ ရည်တို့ဖြစ်သည်။စား သောက်ပွဲ ကို ဘုန်းကြီးကျောင်း၌လည်းပြုလုပ်သလို ရွာထဲတွင် ကနားထိုးပြီးလည်းပြု လုပ်ကြောင်း ကျောက်စာ မှတ်တမ်း များကဖော်ပြသည်။

တောကျောင်းရဟန်းတို့မှာထိုသို့စားသောက်ပွဲများတွင်သေသောက်သည်။ သားကြီးငါးကြီးသတ် သည်ကိုအားပေးသည်။ ညစာစားသည်။ ယင်းသို့သောအချက်များမှအပ ယခုရဟန်းတို့ထက်အမူအကျင့်မ ညံ့၊အရည်းကြီးဟုဆိုလျှင်တွဲမြင်လေ့ရှိသော ပန်းဦးစွန့်ခြင်းအလေ့လည်း လုံးဝမရှိခဲ့ဟု ဒေါက်တာသန်းထွန်း ကဆိုသည်။

တောကျောင်းဂိုဏ်းစတင်ခဲ့သည့်နေရာမှာ မုံရွာနှင့် စစ်ကိုင်းခရိုင် တို့အတွင်းဖြစ်သည်။ပုဂံခေတ်က မုံရွာနှင့်စစ်ကိုင်းခရိုင်ဆိုသည်မှာ မင်းနေပြည်တော်ပုဂံနှင့် အင်မတန်ဝေးခေါင်သောအရပ်ဖြစ်သည်။တော ကျောင်းဂိုဏ်းမှာ မင်းနေပြည်တော်ပုဂံအထိမည်သို့ သြဇာချဲ့ထွင် ခဲ့သနည်း။တောကျောင်းဂိုဏ်းခေါင်း ဆောင် သျှင်မဟာကဿပမှာ အံ့သြဖွယ်ရာပုဂ္ဂိုလ်ထူး ဖြစ်ခြင်းကြောင့်ဖြစ်သည်။မှတ်တမ်းအရ မဟာက ဿပ၏မွေးသက္ကရာဇ်မှာ အေဒီ၁၁၆၉(သက္ကရာဇ်၅၃၁) ဖြစ်ပြီးအေဒီ၁၂၁၅ တွင် ပုဂံမင်းက၄င်းခံစား နေရ သော ဝေဒနာကိုလာရောက်ကုစားပေးရန် အတန်တန်ပင့်ဖိတ်ခဲ့သဖြင့် သွားရောက်ကုသခဲ့ရာ ပျောက် ကင်း သွားသဖြင့် ဘုရင်ကိုးကွယ်သောဆရာတော်အဖြစ် အကြီးအကျယ် ပူဇော် ခံရသည် ဟု ကျောက်စာ မှတ်တမ်း ကဖော်ပြသည်။

ခုနှစ်များကိုတွက်ချက်ကြည့်လိုက်တော့ သျှင်မဟာကဿပမှာ သက်တော်၄၆နှစ်ရောက်မှ မင်းကိုး ကွယ်သောဆရာတော်အဖြစ် ပုဂံနေပြည်တော်တွင်ထင်ရှားခဲ့ခြင်းဖြစ်သည်။နန်းစဉ်မှတ်တမ်းများအရ ပုဂံ မင်းဆိုသည်မှာ နန်းတောင်းများမင်းဟု မှတ်ယူနိုင်သည်။

ကျောက်စာမှတ်တမ်းအရ အေဒီ၁၂၃၃တွင် ပုဂံအရှေ့ မင်းနန်သူရွာ တွင် တောကျောင်းတစ် ကျောင်း နှင့်အေဒီ၁၂၃၆တွင် ဖွားစောရွာ၌ တောကျောင်း တစ်ကျောင်း တည်ကြောင်း သိရသည်။ မင်းနန်သူနှင့် ဖွားစောရွာမှာ ရာဇ၀င်တို့တွင်ပြောသော ရှင်မထီးအရပ်ဖြစ်သည်။ပုဂံတွင် မင်း ရောပြည်သူပါ  ကြည်ညိုကိုး ကွယ်မှု အခိုင်အမာ ရရှိပြီးနောက်အေဒီ၁၂၄၄ခန့် တွင် ကျောက်ဆည်နယ်၌ တောကျောင်းများ တည်သည်။

သျှင်မဟာကဿပသည် ယောနယ်သို့သာသနာပြုရန်ကြွစဉ် အေဒီ၁၂၇၂နှင့်အေဒီ၁၂၇၈ကြား၊ သက်တော် ၁၀၃(သို့) ၁၀၉နှစ် အထိနေပြီးမှ ပျံလွန်သည်ဟု ဒေါက်တာသန်းထွန်းက ခန့်မှန်းသည်။သျှင် မဟာကဿပ ပျံလွန်ခဲ့သောနေရာမှာ ပုံတောင်ပုံညာနှင့် မဟူတောင် တို့ဆုံရာ၊ မုံရွာမှ အရှေ့မြောက်မိုင် ၆၀ခန့်အကွာတွင်ဖြစ်သည်။

ယခုဆောင်းပါးကိုနိဂုံးချုပ်ရသော် အနော်ရထာဘုရင်လက်ထက်တွင် ဗုဒ္ဓဘာသာ ထွန်းကားပြန့် ပွားလာသည်မှာမှန်သော်လည်း အနော်ရထာ လက်ထက်တွင် ဆိုးသွမ်းသောအရည်းကြီးဂိုဏ်းဆိုသည်မှာ  မရှိ။ ပုဂံခေတ်နှောင်းတွင်ပေါ်ပေါက်လာသော တောကျောင်းဂိုဏ်း(သို့) အရည်းကြီး ဂိုဏ်းမှာ ၀ိနည်းအရ လျော့ရဲမှုအချို့ရှိသော်လည်း ရဟန်း အလုပ် ကို ပီပြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်သာ မင်းနှင့်ပြည်သူ၏ ယုံကြည်ကိုးစားမှုရခြင်းဟုကောက်ချက်ချနိုင်သည်။

တောကျောင်းဂိုဏ်းခေါင်းဆောင်သျှင်မဟာကဿပဆိုလျှင်
ပုဂံခေတ်နှောင်း မှသည် ယနေ့တိုင် ထင်ရှားမြဲ ဆရာတော်တစ်ပါးဖြစ် သည်။သို့သော်၊သမိုင်းတွင် အရည်းကြီးတို့သည် ယနေ့တိုင်ပုံဖျက်ခံနေရ ဆဲလည်းဖြစ်သည်။ဘာ့ကြောင့်အရည်းကြီးတို့ပုံဖျက်ခံရသလဲဆိုတာတော့မသိ။မည်သို့သောအကြောင်း ကြောင့်ပုံဖျက်သည်ဖြစ်စေအရည်းကြီးတို့ကို သမိုင်း၏အကျဉ်းထောင်ထဲမှ လွတ်ငြိမ်းခွင့်ပြုသင့်ပြီ။မစင် ကြယ်သော မှားသောသမိုင်းတို့ကိုပညာရှင်တို့စိစစ်ကာ သမိုင်းစာမျက်နှာထက်မှ ဖယ်ရှားသင့်ပြီ။ ပြောင်း လဲချိန်တန်ပြီဟု ပြောရန်ပင် အင်မတန်နောက် ကျနေပေပြီ။

မျိုးညွန့်(Popular News)
                                           

ကိုးကား
ခေတ်ဟောင်းမြန်မာရာဇ၀င်(ဒေါက်တာသန်းထွန်း)
ငါပြောချင်သမျှငါ့အကြောင်း(ဒေါက်တာသန်းထွန်း)
မှန်နန်းမဟာရာဇ၀င်တော်ကြီး


No comments:

Post a Comment

(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း)

(အနော်ရထာမတိုင်မှီ ခေတ်နှင့် အနော်ရထာခေတ်တွင် အကျင့်ပျက် ဆိုးသွမ်း အရည်းကြီးများမရှိကြောင်း သမိုင်းသုတေသနဖြင့် တင်ပြခြင်း) မြန်မာသက္ကရာဇ် ၁...